ပိုင်ဆိုင်မှုကို မဖယ်ရှားနိုင်သူ (Hoarding disorder)
Hoarding disorder ဆိုတာ ကိုယ်ပိုင်ပစ္စည်းတွေကို ဖယ်ရှားဖို့၊ ခွဲခွာဖို့ အခက်တွေ့နေတတ်တဲ့ ပြသာနာဖြစ်ပါတယ်။ ထားသိုသိမ်းဆည်းခြင်း Hoarding ဟာ အတန်အသင့်ပဲ ဖြစ်နိုင်သလို ဆိုးဆိုးဝါးဝါးလည်း ဖြစ်တတ်ပါတယ်။
Haording disorder ရှိသူတွေဟာ သူတို့ကိုယ်တိုင်အတွက်တော့ ပြသာနာတစ်ရပ်လို့ မြင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်နေမှုတွေ၊ အပြုအမူတွေဟာ ပြောင်းလဲလိုက်မှ ပိုမိုပျော်ရွှင်ဖွယ်ဘဝအဖြစ် နေနိုင်မှာဖြစ်ကြောင်း တည့်မတ်ပေးတဲ့ ကုသမှုလိုအပ်ကြောင်း ထောက်ပြပေးမှ ရပါမယ်။
လက္ခဏာများ
- မလိုအပ်တဲ့ပစ္စည်းပိုတွေကို အလွန်အကျွံ နေရာမရှိတော့လောက်တဲ့ထိ ထားခြင်း
- ပစ္စည်းတွေကို သတ်သတ်မှတ်မှတ်မထားခြင်း (သို့) ရှင်းလင်းဖယ်ထုတ်ဖို့ ဝန်လေးနေခြင်း
- ပစ္စည်းတွေကို စုဆောင်းနေချင်ကာ ဖယ်ရှားရတော့မယ်ဆိုရင် စိတ်မပျော်တော့ခြင်း
- အခန်းတွေသုံးမရလောက်တဲ့အထိ ပစ္စည်းတွေ တောင်ပုံရာပုံဖြစ်နေတတ်ခြင်း
- ဆုံးဖြတ်ချက်မပြတ်သား၊ ရှောင်ဖယ်၊ အချိန်ဆွဲနေတတ်ကာ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်စီမံဖို့ အခက်တွေ့နေခြင်း တို့ဖြစ်ပါတယ်။
Hoarding disorder ရှိနေသူတွေဟာ ထုံးစံအရ ပစ္စည်းတွေကို စုဆောင်းကြတယ်။ အကြောင်းမှာတော့
- "ပစ္စည်းတွေဟာ သူတို့အတွက် ထူးခြားတယ်၊ တစ်ချိန်ကျရင် တစ်နည်းနည်းနဲ့တော့ အသုံးဝင်လာလိမ့်မယ်"လို့ ယုံကြည်နေတတ်တယ်
- ပစ္စည်းတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ထူးခြားမှုရှိနေတယ်။ သူတို့ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်၊ မရှိတော့တဲ့ အိမ်မွေးတိရစ္ဆာန်စသဖြင့် အမှတ်ရစရာတွေအဖြစ် ကိုယ်စားပြုနေတယ်။
- ဒီစုဆောင်းထားတဲ့ ပစ္စည်းတွေနဲ့ ဝန်းရံနေမှ လုံခြုံတယ်လို့ ခံစားရတယ်။
- သူတို့ဟာ ဘယ်အရာကိုမှ မဆုံးရှုံးချင်ဘူး ဖြစ်နေတတ်တယ်။
Hoarding disorder ရှိသူဟာ ပစ္စည်းတွေ စုဆောင်းတတ်သူတွေနဲ့ ကွဲပြားပါတယ်။ ပစ္စည်းစုဆောင်းတဲ့ ဝါသနာရှိသူတွေဟာ တံဆိပ်ကောင်း၊ ကား စသဖြင့် ကြိုက်နှစ်သက်ရာ collectionsတွေကို ဘယ်လောက်ပဲ ကြီးနေပါစေ စီစီရီရီ စီမံထားသိုကာ ခင်းကျင်းထားတတ်ပါတယ်။ Hoarding disorder ရှိသူလို ပွစာကျဲမထားပါ။
အိမ်မွေးတိရစ္ဆာန်များ စုဆောင်းမွေးမြူခြင်း (Hoarding animal)
တိရစ္ဆာန်တွေကို ထားသိုမွေးမြူတတ်သူတွေကတော့ ဒါဇင်လိုက် ရာချီပြီးတောင် မွေးထားတတ်ပါတယ်။ Hoarding animal အကျင့်ရှိသူတွေဟာ အကောင်တွေကို အတွင်းမှာရော၊ အပြင်မှာပါ ထားတတ်ပါတယ်။ အရေအတွက်များလွန်းတော့ သေချာ ဂရုမစိုက်နိုင်ဖြစ်ကာ လူရော၊ အကောင်အတွက်ပါ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။
Hoarding disorder ရဲ့ အကြောင်းရင်း
ဘယ်အရာက Hoarding disorder ကိုဖြစ်ပေါ်စေလဲဆိုတာအတွက် တိကျရှင်းလင်းတဲ့ အဖြေမရှိပါ။ မျိုးရိုးဗီဇ၊ ဦးနှောက်ရဲ့အလုပ်လုပ်ပုံ၊ စိတ်ဖိစီးတဲ့ ဘဝအတွေ့အကြုံတွေကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဖြစ်နိုင်ချေများတဲ့ အခြေအနေများ
သိုဝှက်သိမ်းဆည်းခြင်းဟာ အသက်အရွယ် ၁၁နှစ်- ၁၅နှစ်တွေမှာ စတင်တတ်ပါတယ်။ အရွယ်ကြီးလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ဒီအမူအကျင့်ဟာ အသက်ကြီးသူတွေမှာ လူငယ်တွေထက် အတွေ့ရများပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
- ပစ္စည်းများကို ခလုတ်တိုက်မိကာ ချော်လဲနိုင်ချေများခြင်း
- ပစ္စည်းများ မိမိပေါ်ကို ပြုတ်ကျနိုင်ခြင်း
- မိသားစုအတွင်း စကားများရခြင်း
- အထီးကျန်ဆန်ကာ သီးသန့်ဖြစ်နေတတ်ခြင်း
- ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်နဲ့ ကျင်လည်နေရခြင်း
- မီးလောင်နိုင်ချေရှိခြင်း စသည့်ဖြင့်
Haording disorder ရှိနေသူဟာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊စွဲလန်း တသသဖြစ်နေတတ်တဲ့ Obsessive Compulsive disorderနဲ့ Attention deficit /Hyperactivity disorder စတဲ့ စိတ်ကျန်းမာရေး သွေဖယ်ခြင်းတွေလည်း ရှိနေတတ်ပါတယ်။
အကယ်၍ သင်မှာဖြစ်စေ၊ သင်ရဲ့ ချစ်ခင်ရသူတစ်ယောက်ယောက်မှာ Hoarding disorder ရဲ့ လက္ခဏာတွေရှိနေရင် ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ စိတ်ပညာရှင်တို့နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ရေးသားသူ - Dr. May Myat Tun